မဟာဂန္ဓာရီပုဂ္ဂိုလ်ထူးများ နှင့် သိုက်နန်းရှင်တို့ပျော်စံရာ ဒေးစွန်ပါတောင်တော်မြတ်
ရှေးဟောင်းသမိုင်းဝင် ဒေးစွန်ပါစေတီတော်တည်ရှိရာ ဒေးစွန်ပါတောင်တော်ဟာ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအနောက်ဘက် ၃ မိုင်ခန့်အကွာ၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းပေါ်မှာ တည်ရှိပါတယ်။ ရန်ကုန်ကနေသွားရင် နေပြည်တော် အမြန်လမ်း ၃၉ မိုင်၊ ဘုရားကြီးလမ်းခွဲက ကားမောင်းသွားရင် အချိန် ၁ နာရီခွဲလောက်နဲ့ ရောက်ရှိနိုင်ပါတယ်။ ဒေးစွန်ပါတောင်တော်ဟာ မဟာဂန္ဓာရီနဲ့ သိုက်နန်းရှင်တို့ပျော်စံရာ၊ ၃၇ ပါးသောနတ်မင်းတို့ စံစားရာ တောင်တော်တစ်ခုလည်းဖြစ်ပါတယ်။ ဒေးစွန်ပါ တောင်တော်ကို လာရောက်တဲ့လူတွေထဲမှာ သိုက်နန်းတွေကို ပူဇော်ဖို့နဲ့၊ သက်ဆိုင်ရာ ရိုးရာ နတ်မင်းများကို ပူဇော်ပသဖို့ လာရောက်ကြသူတွေက အများစုဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မျိုးတွေမှာဆိုရင် တောင်ပေါ်မှာ ရှမ်းအိုးစည်သံတညံညံ၊ နတ်ချော့ဒိုးသံ တညံညံနဲ့ သိုက်နန်းတွေမှာ သိုက်ချော့ခြင်း၊ နတ်ချော့ခြင်းတွေနဲ့အတူ စည်ကားနေတတ်တဲ့ တောင်တော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အထက်ပုဂ္ဂိုလ် ဝိဇ္ဇာဓိုရ်များနဲ့ ပတ်သက်ရင်လည်း ဒေးစွန်ပါတောင်တော်ဟာ အဓိကနေရာက ပါဝင်တဲ့ နေရာဌာနတစ်ခု လည်းဖြစ်နေပါတယ်။ ဒါ့အပြင် မြန်မာ့ဂန္ဓာရီသမိုင်းမှာ အထင်ကရပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ဗားမဲ့ဆရာတော်ကြီး အစရှိတဲ့ ပုဂ္ဂိုလ်များဟာလည်း ယခု ဒေးစွန်ပါတောင်ပေါ်မှာ သီတင်းသုံးနေထိုင် အားထုတ်ကျင့်ကြံခဲ့မှုတွေကြောင့်လည်း ဒေးစွန်ပါတောင်တော်ကြီးဟာ မဟာဂန္ဓာရီပညာစဉ် လိုက်စားကြသူတွေအတွက် အဓိက အရေးပါတဲ့ နေရာဌာနတစ်ခု ဖြစ်လို့နေပါတော့တယ်။