တော်လှန်ရေး (၄) နှစ်ပြည့် (ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်)
တော်လှန်ရေး (၄) နှစ်ပြည့်ပြီ
_______
ပြည်သူတရပ်လုံး အုံကြွတော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးကြီးဟာ ယနေ့ဆိုရင် (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။ (၄) နှစ်ပြည့်မြောက်တဲ့ ပြည်သူ့ နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ဆက်လက် ချီတက်နေဆဲပင် ဖြစ်ပါတယ်။ ထိုအတူ အောင်ပွဲအလီလီ ရရှိထားသလို စိန်ခေါ်မှု ပေါင်းများစွာနဲ့ဆက်လက်တိုက်ပွဲဝင်နေရဆဲပင် ဖြစ်ပါတယ်။
အောင်ပွဲတွေအနေနဲ့ပြောရရင် အပိုင်း (၂) ပိုင်းရှိလာပါတယ်။ တစ်ပိုင်းကတော့ စစ်ရေးပိုင်းဖြစ်ပြီး တစ်ပိုင်းကတော့ နိုင်ငံရေးပိုင်းပါပဲ။ ဒါကလည်း အားလုံးသိပြီးသားပဲ ဖြစ်ပါတယ်။ စစ်ရေးပိုင်းမှာဆိုရင် သိမ်းပိုက်ထိန်းချုပ် ထားနိုင်တဲ့ ဧရိယာ နယ်မြေတွေ အမြောက်အများ ရထားသလို စိုးမိုးဧရိယာတွေလည်း အများကြီး ရရှိထားပြီး ဖြစ်ပါတယ်။ ဒါတွေဟာ လူထုတရပ်လုံးရဲ့ ကျရာ အခန်းကဏ္ဍကနေ မမှိတ်မသုန် ပူးပေါင်းပါဝင်မှုကြောင့်ပဲဖြစ်ပါတယ်။
နိုင်ငံရေးပိုင်းအနေနဲကြည့်ရင် ယနေ့အချိန်အထိ လူထုလှုပ်ရှားမှုတွေ အားကောင်းနေဆဲ ရှိနေဆဲဖြစ်ပါတယ်။ ထိုအတူ ပြည်သူ့ယန္တရားတွေ လည်ပတ်ပြီး စစ်ကောင်စီရဲ့ ယန္တရားတွေကို လဲကျပြိုပျက်သွားအောင် တွန်းထိုးထားနိုင်တဲ့ အခြေအနေတရပ် ရောက်နေပြီဖြစ်ပါတယ်။ သိုသော်လည်း နိုင်ငံရေးအရ အဆင့်တဆင့်ကို ပြောင်းလဲကူးပြောင်းနိုင်လောက်တဲ့အထိ သိသိသာသာ ဖြစ်လာဖို ရုန်းကန်နေရဆဲပင်။
စိန်ခေါ်ချက်များကို စေ့ငုလေ့လာကြည့်တဲ့အခါ အထွေထွေဖိနှိပ်မှုနဲ့အထွေထွေ အကြပ်အတည်းဟာ အားကောင်းမောင်းသန်ရှိနေဆဲပင် ဖြစ်ပါတယ်။ ဒါတင်မက တော်လှန်ရေးအင်အားစုများရဲ့ စုစည်းနိုင်မှုအားဟာ အင်မတန်နည်းပါးနေပါသေးတယ်။ အထွေထွေဖိနှိပ်မှုလိုဆိုရာဝယ် စစ်ကောင်စီဘက်ကသာမက တော်လှန်ရေးအင်အားစုများရဲ့ ဖိနှိပ်မှုဟာလည်း လူထုအပေါ် သက်ရောက်နေခဲ့ပြီဖြစ်ပါတယ်။ ထိုအတူ ရန်သူရဲ့အဓိက ထွက်ပေါက်ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲဟာလည်း မေ့ထားလို လုံးဝမရတဲ့ အရာပဲဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေး (၄) လူထုလှုပ်ရှားမှု အနေနဲ့ " အထွေထွေဖိနှိပ်မှုကို အန်တုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" ဆိုတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့လှုပ်ရှားတဲ့ လူထုရှားမှုကြီးကို တော်လှန်ပြည်သူလူထု ဦးဆောင်မှု၊ဒေသတွင်းသပိတ်အင်အားစုများ ပူးပေါင်းဝန်းရံမှုနဲ့အတူ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ကော်မတီ အနေဖြင့် ပူးပေါင်းပါဝင် ချီတက်နေဆဲပင်ဖြစ်ပါတယ်။
"တော်လှန်ရးရဲ့အဆုံးအဖြတ်ဟာ
လူထုမှတပါး အခြားမရှိ"