လူငယ်ဆရာဝန် ၈၀၀ ခန့် အမည်ပျက်စာရင်းသွင်းခံရ
--------------
၂၀၂၀ ပြည့်နှစ်တွင် အလုပ်သင်အဖြစ် လုပ်ငန်းခွင် ဝင်ဖူးသည့် ဆရာဝန် ၈၀၀ ခန့်သည် စစ်တပ်အာဏာသိမ်းပြီးနောက် တာဝန်ဆက်လက်ထမ်းဆောင်မှု မပြုသဖြင့် ဆေးကုသခွင့် လက်မှတ်နှင့် ဘွဲ့လက်မှတ်များ မရကြရုံသာမက အမည်ပျက်စာရင်းသွင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခံနေရကြောင်း စုံစမ်းသိရှိရသည်။
စစ်အာဏာသိမ်းမှုကြောင့် ကျင်းပနိုင်ခြင်းမရှိသည့် ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ မကွေးဆေးတက္ကသိုလ်များတွင် မကြာမီ ပြန်လည်ကျင်းပမည်ဖြစ်ပြီး ပါရဂူဘွဲ့၊ ဆရာဝန်ဘွဲ့ ဟုခေါ်ဆိုသည့် Bachelor of Medicine and Bachelor of Surgery (MBBS) ဘွဲ့များကို ၃ နှစ်စာ စုပေါင်း၍ ပေးအပ်မည်ဟု စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာထားသည်။
ဆေးတက္ကသိုလ် ၄ ခုမှ နောက်ဆုံးနှစ် MBBS အပိုင်း(ခ) ၆/ ၂၀၁၈ အပတ်စဉ်မှ စာမေးပွဲအောင်မြင်ခဲ့သူ ဆရာဝန် ၁၀၂၂ ဦးအနက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်သူ ၂၀၀ ဝန်းကျင်ကိုသာ ဘွဲ့အပ်ပေးမည်ဖြစ်ကြောင်း ဘွဲ့လက်မှတ်ငြင်းပယ်ခံရသည့်၊ အမည်မဖော်လိုသည့် ဆရာဝန်နှစ်ဦးက Myanmar Now ကို ပြောသည်။
NUG ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပေးလည်းဖြစ်၊ ဖက်ဒရယ်ကျန်းမာရေး ပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်ကမူ ၎င်းတို့က ဆရာဝန်များကို ဘွဲ့လက်မှတ် ထုတ်ပေးနေကြောင်း ၎င်း၏ facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အားလုံးနီးပါးကို ဘွဲ့လက်မှတ်များထုတ်ပေးထားသည်၊ အများအပြား ပြည်ပတွင် အလုပ်လုပ်ကိုင်၊ ဘွဲ့လွန်သင်တန်းများတက်ရောက်နေကြကြောင်း ပြောဆိုထားသည်။ ဆရာဝန်တချို့ကမူ ပြည်တွင်း၌ ဘွဲ့လက်မှတ်အခက်တွေ့နေသူ များစွာရှိနေသေးသည်ဟု ဆိုသည်။
သတင်း၊ တင်ဆက် - အောင်နိုင်၊ ဟန်လင်း