အသားများတဲ့ ဝက်နံရိုး ၅၀ ကျပ်သား ကို ရေဆေးရေစစ်ထားပါ။
ချင်း (ဂျင်း) ကို ခြစ်ထား (သို့) ထောင်း ထားပါ။
ဟင်းချက်မယ့် အိုးထဲကိုပဲ တခါတည်း ဝက်နံရိုးတွေထည့်မယ်။
ခြစ်ထားတဲ့ ချင်း (ဂျင်း) ကို အရည်ညှစ်ထည့်ပေးပါ။ ပဲငံပြာရည်အကြည် ၂ ဇွန်းထည့်ပါမယ် (ပဲငံပြာရည်က အငန်ဓာတ်များရင် ၁ ဇွန်းပဲထည့်ပေးပါ။
ဟင်းချက်အရက် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါတယ်။ (မရှိရင် မထည့်လို့လည်းရပါတယ်)။ အားလုံး နယ်ပြီး ၄၅ မိနစ်လောက်နှပ်ထားပေးပါ။
ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။
နှပ်ထားတဲ့အသားထဲကို ရေထည့်ပေးပါ။ ရေ က အသားမြှုပ်ရုံထည့်ပေးရင် ရ ပြီဖြစ်ပါတယ်။ မီးအလယ်အလတ်နဲ့ ၄၅ မိနစ်တည်ထားပေးပါ။ ၀က်နံရိုးတွေကို ပြုတ်ပြီးကြော်တာဖြစ်ပါတယ်။ ဝက်နံရိုးတွေနူးပြီဆိုရင် မီးအားမြှင့်လိုက်ပြီး ရေခမ်းတဲ့အထိ တည်ပါမယ်။
ဆီပြန်လာပြီ နောက်ထပ် ဆီ အနည်းငယ်ထည့်ပေးပါ။ ဆီတွေ ပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူတွေကို ကြော်ပေးပါတယ်။
ဆီတွေအများကြီးနဲ့ ကြော်လို့ရပေမယ့် အခုလိုမျိုး ဆီနည်းနည်းပဲထည့်ပြီး ကြော်လည်းရပါတယ်။
ပြုတ်ထားတဲ့ ဝက်နံရိုးတွေ အနည်းငယ်မွှေးလာရင် အချို အငန်အရသာထပ်ထည့်ပါမယ်။ အချိုအရသာအတွက် သကြားအညို ၁ ဇွန်း (စားပွဲတင်ဇွန်း)ထည့်မယ်။ အငံအရသာအတွက် ပဲငံပြာရည်အကြည်ကို ၁ ဇွန်း ထပ်ထပ်ပေးပါ။ သကြားတွေအရည်ပျော်သွားပြီဆိုရင် ချိုငန်လေးနဲ့ အရသာရှိတဲ့ ဝက်နံရိုးပြုတ်ကြော်လေးကို ရပြီဖြစ်ပါတယ်ခင်ဗျာ။