အိမ်နီးချင်းနိုင်ငံကြီးများ၏ ဖိအားများကြားမှ AA ၏ အာရက္ခပုစ္ဆာ
…………..
၂၀၂၅ ခုနှစ် မြန်မာ့နိုင်ငံရေးတွင် စိတ်ဝင်စားစရာအကောင်းဆုံး စောင့်ကြည့်ရမည်မှာ “အာရက္ခပုစ္ဆာ” ဖြစ်ပေလိမ့်မည်။ ရခိုင်ပြည်နယ်သည် အခြားပြည်နယ်များနှင့်မတူ၊ အိမ်နီးချင်းနိုင်ငံကြီးတို့၏ ဖိအားများ ဆုံချက် ဖြစ်လာနေသည်၊ ယင်းမှာ အာရက္ခတပ်တော် (AA) ၏ အပြောင်မြောက်ဆုံး စစ်ရေးစွမ်းရည်ဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်လာနိုင်ခြင်းကြောင့် ဖြစ်သည်။
AA သည် ပြည်နယ်တစ်ခုလုံး လွတ်မြောက်ပြီး၊ “အာရက္ခအိပ်မက်” ကို လက်တွေ့အကောင် အထည်ဖော်နိုင်ရန် စစ်တွေနှင့် ကျောက်ဖြူကို အပြီးသတ်ထိုးစစ်ဆင်ခြင်း မပြုသေးဘဲ ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
AA ကြေညာချက်၏ ထူးခြားချက်မှာ ထိုးစစ်များကို ရပ်တန့်မည်ဟု ဖော်ပြထားခြင်း မရှိသလို၊ ကိုယ့် ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကိုင်စွဲထားမည်ဟုလည်း ဖော်ပြမထားခြင်းပင်။ ယင်းသည် စစ်အောင်နိုင်သော စစ်သူကြီးက စစ်ရှုံးနေသော ရန်သူကို စစ်ရေးနှင့် ဆက်လက်ဖြေရှင်းပြီး အလုံးစုံခြေမှုန်းခံမည်လား၊ နိုင်ငံရေးအရ ဖြေရှင်း မည်လားဟု ရာဇသံပေး ဖိတ်ခေါ်လိုက်ဘိသကဲ့သို့ ရှိသည်။
စစ်ဗိုလ်ချုပ်များက သိမ်းထားသည့်အာဏာကို ကောင်းစွာ အသုံးချပြီး အိမ်နီးချင်းနိုင်ငံတို့ကို ညှိနှိုင်းထားချိန်တွင် ထိုနိုင်ငံတို့နှင့် AA တပ်ဖွဲ့ ဆက်ဆံရေးမှာ စိတ်ဝင်စားစရာ ကောင်းလာသည်။
လေ့လာသုံးသပ်ချက် - သုတဇော်၊ တင်ဆက် - ဟန်လင်း