ရည်းစားဟောင်းရဲ့ ရည်းစားကို ကိစ္စတုံးပြီး သုံးနှစ်ဟန်ဆောင်ခဲ့သူ- Liz Golyar - Murder Monday #ep12
ကျွန်တော်တို့တွေ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေ အကြောင်း ကြားဖူးတာတွေ ရှိမယ်။ အဲ့လို သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကနေပြီးတော့ မှုခင်းဇာတ်လမ်းအဖြစ် ပြောင်းလဲသွားတာကို ကြားဖူးကြတာတွေလည်း ရှိလိမ့်မယ်။ နောက် အခုခေတ်အခြေအနေအရ အွန်လိုင်းကနေ တွေ့ဆုံ ချစ်ကြိုက်ကြရာက မှုခင်းအဖြစ် ပြောင်းလဲသွားတဲ့အကြောင်းတွေ အများကြီး ကြားဖူးကြတာရှိမယ်။ ဒါပေမယ့် ဒီလို မှုခင်းဇာတ်လမ်းတွေ ဖြစ်တဲ့ အခါတိုင်း ဘယ်လောက်ပဲ ဖုံးဖိဖို့ ကြိုးစား ကြိုးစား တချိန်ချိန်မှာတော့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်နဲ့အတူ ဖြစ်ရပ်မှန်က ပေါ်ထွက်လာစမြဲပေါ့။ တရားခံကို ချက်ချင်း ဖမ်းမမိရင်တောင်မှ ဆွဲစိခံလိုက်ရတဲ့သူရဲ့ အသက်မဲ့နေတဲ့ အလောင်းကနေတဆင့် ဒဏ်ရာဒဏ်ချက်တွေ ဘာတွေကို လိုက်ပြီးတော့ တရားခံ ဘယ်သူ ဘယ်ဝါ၊ ဘာလက်နက်နဲ့ ဘယ်လို ဇီဝိန်ခြွေခဲ့တယ်ဆိုတာမျိုးကို ဖော်ထုတ်လို့ ရစမြဲပေါ့လေ။
ဒီကနေ့ ကျွန်တော်ပြောပြမယ့် အမှုမှာတော့ ဒီအချက်အလက်တွေ ထက်ကို ကျော်လွန်ပြီး ထူးဆန်းနေတယ်လို့ပဲ ကြိုပြီး ပြောချင်ပါတယ်။ ဒီအမှုဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက စတယ်ဆိုတာလည်း ဟုတ်တယ်။ အင်တာနက်ကနေ တဆင့် တွေ့ဆုံ ချစ်ကြိုက်ကြတဲ့ အချစ်ဇာတ်လမ်းကြောင့်ဆိုလည်း ဟုတ်တယ်။ ကျွန်တော်တို့ချန်နယ်ရဲ့ ပထမဆုံးတင်တဲ့ ဗီဒီယို Murder Monday ရဲ့ ပထမဆုံး အပိုင်းက အင်တာနက်က စဖြစ်တဲ့ ရာဇဝတ်မှုအကြောင်းပေါ့။ ဒီအမှုကတော့ အင်တာနက်က စတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုပေါ့။ အဲ့ဒါထက် ပိုထူးဆန်းတာက ဒီအမှုမှာ တရားခံဘယ်သူဘယ်ဝါ၊ ကံဆိုးသူ ဘယ်သူဘယ်ဝါဆိုတာကို သုံးနှစ်အကြာမှမှ သိလိုက်ရတဲ့အချိန်မှာ ရဲတပ်ဖွဲ့တွေရော၊ စုံထောက်တွေရော အကုန်လုံးက မျက်လုံးမျက်ဆန်ပြူးပြီးတော့ မျက်လှည့်အပြခံလိုက်ရတဲ့ အမှု ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒီအမှုဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဖြစ်ပျက်လာတဲ့ အမှုဆိုတော့က အဓိက ဇာတ်ကောင်သုံးယောက် အကြောင်းကို မိတ်ဆက်ပေးဖို့ လိုလာပြီပေါ့လေ။ ဒီအမှုမှာ အဓိက ဇာတ်ကောင်အနေနဲ့ အမျိုးသား တစ်ယောက်၊ အမျိုးသမီး နှစ်ယောက် ပါပါတယ်။ တခြား သူတွေလည်း ပါလာဦးမှာ ဆိုပေမယ့် ဒီသုံးယောက်က အဓိကကျတာမို့ သူတို့တွေသုံးယောက်နဲ့ တစ်ယောက်ချင်းစီနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပထမဦးဆုံး Cari Farver လို့ အမည်ရတဲ့ အမျိုးသမီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သူ့ရဲ့ နာမည်အပြည့်အစုံက Cari Leah Farver လို့ ခေါ်ပါတယ်။ သူ့ကို ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အမေရိကန်နိုင်ငံက Iowa ပြည်နယ်က Macedonia လို့ခေါ်တဲ့ မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Macedonia လို့ ခေါ်တဲ့မြို့လေးဟာ တကယ့်ကိုမှ သေးသေးပုစိကွေးလေး။ ကျွန်တော်ရှာကြည့်တာတော့ ၂၀၂၀ ခုနှစ် သန်းခေါင်စာရင်းတုန်းကတောင်မှ လူဦးရေက ၂၆၇ ယောက်ပဲ ရှိတာ။
သူမမှာ မွေးချင်း အစ်ကိုတစ်ယောက်ရှိပါတယ်။ Cari အသက် တစ်နှစ်ခွဲအရွယ်မှာ Cari ရဲ့ အဖေနဲ့ အမေက ကွာရှင်းပြတ်စဲကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူ့အဖေနဲ့ အမေက တစ်ယောက်ကို တစ်ယောက် မုန်းကြ ကြည့်မရဖြစ်တာမျိုး မရှိကြဘဲနဲ့ သူတို့ရဲ့ ကလေးနှစ်ယောက်ကို တူတူ ပြုစုပျိုးထောင်ကြတာ အဆင်ပြေပြေ ပြဿနာကြီးကြီးမားမား မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒီလို့နဲ့ Cari အသက် ၆ နှစ်အရွယ်လောက်ကို ရောက်တဲ့အခါမှာ Cari အမေက သူ့ရဲ့ ငယ်ချစ်ဦးနဲ့ ပြန်လက်ထပ်ဖြစ်တဲ့အခါမှာ သူ့ရဲ့ ပထွေးကလည်း Cari အပေါ် ချစ်ချစ်ခင်ခင်ပဲတဲ့။ ပြီးတော့ သူ့အမေက နောက်အိမ်ထောင်နဲ့ သားကလေး တစ်ယောက် ထပ်ရတော့ Cari မှာ စုစုပေါင်း အစ်ကိုတစ်ယောက် မောင်တစ်ယောက်နဲ့ မွေးချင်းသုံးယောက် ဖြစ်သွားတာပေါ့လေ။
သူတို့ပတ်ဝန်းကျင်က လူတွေနဲ့ သူ့မိဘတွေရဲ့ အဆိုအရ Cari ဟာ ငယ်စဉ်ကတည်းကအရမ်းကို စိတ်သဘောထား ကောင်းမွန်ပြီး သွက်သွက်လက်လက် ထက်ထက်မြက်မြက် ရှိတဲ့ မိန်းကလေးတစ်ယောက်တဲ့။ ပြီးတော့ ရုပ်ရည်ရူပကာအရလည်း ချောမောလှပသူ ဖြစ်တဲ့အခါ သူ့ကို ချစ်သူကြိုက်သူတွေလည်း ရှိသလို သူကလည်း ချစ်ကြိုက်ခဲ့တဲ့သူတွေ တွဲခဲ့သူတွေ ရှိတာပေါ့လေ။ အဲ့လိုနဲ့ သူ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်သွားတက်တဲ့အချိန်မှာ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး ကိုယ်ဝန်ရှိသွားပြီးတော့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလထဲမှာ သူ့သားလေးကို မွေးခဲ့တယ်လို့ ဆိုပါတယ်။။ သူ့မိဘဖြစ်သူတွေက သူ့ကို အပြစ်တင်တာ ဘာညာ မလုပ်ခဲ့ဘဲ သူတို့ သမီးလေးနဲ့ မြေးလေးကို ဆက်ပြီးပြုစု ပျိုးထောင်ပေးခဲ့ကြတာပေါ့။ ဒီလိုနဲ့ နေလာတာမှာ Cari ဟာ သူ့သားလေးကိုလည်း ဂရုစိုက် ချစ်ချစ်ခင်ခင်နဲ့ မိခင်ကောင်းတစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်နိုင်ခဲ့ပေမယ့် သားလေးကို မွေးအပြီး နှစ်အနည်းငယ်အကြာလောက်မှာ Cari ဟာ Bipolar Disorder စိတ်ရောဂါနဲ့ စိတ်ကျရောဂါကို စတင်ပြီး ခံစားလာရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဆေးကုသမှု ခံယူလိုက်တဲ့အခါမှာတော့ နှစ်အနည်းငယ်အတွင်းမှာ ပုံမှန်ပြန်ဖြစ်လာခဲ့တယ်ပေါ့။