MENU

Fun & Interesting

တရုတ် စစ်အင်အား ချဲ့ထွင်နေချိန်မှာ ကိုယ့်အစွယ် ကိုယ်ပြန်ချိုးနေတဲ့ ထရမ့် | People's Spring

People's Spring 86,286 10 hours ago
Video Not Working? Fix It Now

တရုတ် စစ်အင်အား ချဲ့ထွင်နေချိန်မှာ ကိုယ့်အစွယ် ကိုယ်ပြန်ချိုးနေတဲ့ ထရမ့် ‘စစ်ပွဲ’ဆိုတဲ့ ဝေါဟာရဟာ အခုရက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံး ငြင်းခုံ ဆွေးနွေးကြတဲ့ အဓိက ခေါင်းစဉ်တစ်ခု ဖြစ်လာနေပါတယ်။ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားရဲ့ ရန်လိုမှုတွေကို စိုးရိမ်လို့ ဥရောပ နိုင်ငံတွေက စစ်အင်အား ချဲ့ထွင် တည်ဆောက်ဖို့ ပြင်ဆင်လာနေသလို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ နိုင်ငံဟာ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဥရောပတိုက်ရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ တာဝန် မယူလိုတော့တဲ့ သဘောထားမျိုး အတိအလင်း ပြသလာပါတယ်။ အဓိပ္ပါယ်ကတော့ ဥရောပ ရုရှားနဲ့ ယှဉ်ပြိုင်ဖို့ ကိုယ့်တာဝန် ကိုယ်ယူ၊ အမေရိကန်ကတော့ တရုတ်ကို ရင်ဆိုင် ဦးချိုးဖို့ အပြည့်အဝ အာရုံစိုက်တော့မယ့် သဘောပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ‘စစ်ပွဲ’ဆိုတဲ့ ဝေါဟာရဟာ အခုသီတင်းပတ်ထဲမှာ တရုတ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေး ကဏ္ဍဆီကိုပါ ကူးစက်လာပါတယ်။ ထရမ့်က တရုတ်ရဲ့ သွင်းကုန် အမျိုးအစား တချို့ကို အခွန် ၂၀ ရာခိုင်နှုန်းထိ တိုးကောက်မယ့် သူ့ရဲ့ အစီအစဉ်ကို အခုသီတင်းပတ် အစောပိုင်းမှာ ထရမ့်က အသက်သွင်းခဲ့တယ်။ တရုတ်ကလည်း တူညီတဲ့ အခြေအနေအဖြစ် အမေရိကန် သွင်းကုန် တချို့ကို အခွန်စည်းကြပ်မှု မြှင့်တင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တရုတ် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ကုန်သွယ်ရေး စစ်ပွဲသာ မကဘဲ အမေရိကန်က လိုချင်ရင် ဘယ်လို ပုံစံနဲ့ စစ်ပွဲမျိုးကိုမဆို တရုတ်ဖက်က ပေးဖို့ အသင့်ရှိတယ်လို့ပါ ထုတ်ပြောလာခဲ့ပြန်ပါတယ်။ နောက်ပြီး တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို သုံးနှစ်ဆက်တိုက် ၇.၂ ရာခိုင်နှုန်း တိုးမြှင့်မယ်ဆိုတဲ့ သတင်းကလည်း အခုအပတ်ထဲမှာပဲ ထွက်ပေါ်လာပြန်တယ်။ တရုတ် အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ရဲ့ စစ်ပွဲအကြောင်း သတိပေး စကားဟာ အတိဿယ ဝုတ္တိ နည်းနည်းတော့ဆန်ပြီး ကမ္ဘာပေါ်မှာ စီးပွားရေးနဲ့ စစ်အင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုဟာ ထိပ်တိုက် စစ်ပွဲကိုတော့ လုံးဝ မလိုလားကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ နေ့စဉ်နဲ့အမျှ ခန့်မှန်းလို့ မရတော့လောက်အောင် လျင်လျင်မြန်မြန် ပြောင်းလဲနေတဲ့ နိုင်ငံတကာ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေ၊ အမေရိကန်ရဲ့ စံနှုန်းနဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး ထင်ရာစိုင်းနေတဲ့ ထရမ့်ရဲ့ စီမံဆုံးဖြတ်ပုံတွေအရ အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်၊ ဘာတွေ ဖြစ်မလာနိုင်ဘူး ဆိုတာကိုလည်း တိတိကျကျ ဘယ်သူမှ အာမခံလို့ မရပါဘူး။ ပြီးတော့ တရုတ်နဲ့ အမေရိကန် စစ်ဖြစ်ရင် ဘယ်ဖက်က နိုင်မလဲ ဆိုတာကလည်း ခန့်မှန်းသီအိုရီတွေ ထုတ်ရင်း လူတွေ အရမ်း စိတ်ဝင်တစား ဆွေးနွေး ငြင်းခုံကြတဲ့ ခေါင်းစဉ်မျိုး ဖြစ်နေပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ အင်အား အတောင့်တင်းဆုံး အမြဲတမ်း လက်နက်ကိုင် တပ်ကို ပိုင်ဆိုင်ထားပါတယ်။ တရုတ်ရေတပ်ဟာ သင်္ဘော ပိုင်ဆိုင်မှု အရေအတွက်မှာ အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး ရေတပ်ဖွဲ့ ဖြစ်လာသလို လက်ရှိ သင်္ဘောအသစ်တွေ ချဲ့ထွင် တည်ဆောက်မှုမှာလည်း အမေရိကန်ထက် အသာရနေတယ်။ အမေရိကန်ရဲ့ အဓိက မဟာဗျူဟာ တိုက်ခိုက်ရေး ရင်းမြစ်တွေဖြစ်တဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးတွေကို ခြိမ်းခြောက်နိုင်မယ့် တာဝေးပစ် သင်္ဘောဖျက် ဒုံးကျည်တွေကို တရုတ်က တီထွင်ထားပြီး အဲဒီလက်နက်တွေရဲ့ ဖျက်ဆီးအားကို အလေးအနက် စိုးရိမ်ဖို့ လိုကြောင်း အမေရိကန် ရေတပ် သေနာပတိ တချို့ကိုယ်တိုင်က အသိအမှတ် ပြုထားတယ်။ နောက်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံရဲ့ စစ်ရေးနည်းပညာ၊ လေ့ကျင့်မှုနဲ့ တစ်ဦးချင်း အရည်အသွေးတွေကို မြှင့်တင်ဖို့ အစွမ်းကုန် တွန်းအားပေးခဲ့တယ်။ တပ်တွင်း အဂတိမှုတွေကို ဖြိုခွင်းခဲ့တယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ကို ကမ္ဘာ့အဆင့် ထိပ်တန်း စစ်တပ်တစ်ခု ဖြစ်လာအောင် လက်တွေ့ကျကျ တည်ဆောက်ယူခဲ့တယ်။ ဒါပေမဲ့ အများစုကတော့ နှစ်နိုင်ငံ စစ်ဖြစ်ရင် အမေရိကန် အနိုင်ရမယ့်ဖက်ကပဲ ပုံအောပြီး လောင်းကြေးထပ်ကြမှာ ဖြစ်ပါတယ်။ တရုတ်က ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ အမေရိကန်ရဲ့ အပြတ်အသတ် အသာစီး ရထားတဲ့ စစ်ရေးကဏ္ဍတချို့ကို လိုက်မီဖို့ ခက်ခဲနေဆဲ ဖြစ်တာကြောင့်ပါ။ အမေရိကန်ဟာ ရုရှားပြီးရင် ကမ္ဘာပေါ်မှာ နျူကလီးယား ထိပ်ဖူးလက်နက် ပိုင်ဆိုင်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်သုံးစရိတ် အမြင့်ဆုံး သတ်မှတ် သုံးစွဲနေတဲ့ နိုင်ငံဖြစ်သလို ပြည်ပကို စစ်လက်နက်တွေ တင်ပို့ရောင်းချမှု အများဆုံး ဦးဆောင်နိုင်ငံ ဖြစ်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အမေရိကန် စစ်တပ်ဟာ နိုင်ငံတကာ ပဋိပက္ခ ပေါင်းစုံမှာ ပါဝင်တိုက်ခိုက်ရင်း စစ်ရေး အတွေ့အကြုံ ပြည့်ဝနေခဲ့ပါတယ်။ အမေရိကန်ရဲ့ စစ်လက်နက် နည်းပညာတွေဟာ တရုတ်ရဲ့ ရှေ့ကနေ ပြေးနေဆဲ ဖြစ်သလို စစ်သည်တွေကို လေ့ကျင့်ပေးမှု အပိုင်းမှာလည်း စရိတ်တွေ အများကြီး သုံးလေ့ရှိတယ်။ တရုတ်က ရေတပ်အင်အား သာပေမယ့် အမေရိကန်မှာ ပိုကြီးတဲ့၊ ပိုအစွမ်းထက်တဲ့ စစ်သင်္ဘောတွေ ရှိနေတုန်းပဲ။ အမေရိကန် လေတပ်၊ ကြည်းတပ်နဲ့ မရိန်းတပ်တွေဟာ ပြိုင်ဘက်တွေထက် သာလွန်တဲ့ စုဖွဲ့မှုနဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတယ်။ တရုတ်အပေါ် အမေရိကန်က အပြတ်အသတ် အသာစီးယူထားတဲ့ နောက်ထပ် စစ်ရေး မျက်နှာစာ တစ်ခုကတော့ မဟာမိတ် အင်အားပဲ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာ ဗြိတိန်ဟာ ကမ္ဘာ့ဦးဆောင် နိုင်ငံအဆင့်ကနေ ယုတ်လျော့ကျဆင်းသွားပြီး အမေရိကန်က လွတ်လပ်တဲ့ ကမ္ဘာ့ အင်အားစုတွေအတွက် ဦးဆောင်နိုင်ငံ ဖြစ်လာတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်မဟာမိတ် အင်အားစုဖြစ်တဲ့ NATOကို အမေရိကန်က လက်တွေ့ ဦးဆောင်ခဲ့တယ်။ စစ်အေးခေတ်အပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီး နောက်ပိုင်းမှာတော့ အမေရိကန်ရဲ့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရပ်တည်မှုဟာ ပြိုင်ဘက်မရှိတော့ဘဲ မဟာမိတ်တွေရဲ့ ယုံကြည် ကိုးစားမှုကိုလည်း ပိုမို ရရှိလာတယ်။ စစ်ပွဲတစ်ပွဲမှာ အမေရိကန် ပါဝင်တိုက်ခိုက်ပြီ ဆိုတာနဲ့ မဟာမိတ်တွေက ပူးပေါင်းပြီး တပ်တွေ ဖြန့်ကျက် ကူညီပေးကြတာဟာ အစဉ်အလာတစ်ခု ဖြစ်လာပါတယ်။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/ 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comment